ညဘက်တွေမှာ အိမ်က ကြောင်လေးဘာလုပ်နေလဲလို့ စီစီတီဗီတပ်ကြည့်လိုက်တဲ့အခါ…

ကြောင်လေးတွေဟာ လူတွေနားမှာ ပွတ်သီးပွတ်သပ်နေရတာကို သဘောကျပါတယ်။ ကြောင်တွေဟာ နေ့လည်ဘက်တွေမှာ (၁၂)နာရီကနေ (၁၆) နာရီကြားကြာအောင် အိပ်စက်ကြတာဖြစ်လို့ ညဘက်တွေမှာ ဘာလုပ်နေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ထိုင်းနိုင်ငံက ကြောင်ပိုင်ရှင်တစ်ကောင်ကတော့ ညဘက်ရောက်တဲ့အခါ သူ့ကြောင်ကလေးဘာလုပ်နေမလဲလို့ သိချင်တာကြောင့် လျို့ဝှက်စီစီတီဗီတစ်လုံးကို တပ်ဆင်ခဲ့ပါတယ်။

ပြီးတဲ့နောက် စီစီတီဗီထဲမှာ ရလာတဲ့ ကြောင်လေးရဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘုတ်ဂရုပ်တစ်ခုဖြစ်တဲ့ “Cat Lovers Club” မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ တွေ့ရတဲ့အတိုင်းပဲ ကြောင်လေးဟာ ကင်မရာရှေ့မှာ ချစ်စရာကောင်းစွာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတာကို တွေ့ရမှာပါ။ သခင်ရဲ့ မျက်နှာပေါ် တည့်တည့်မှာမှ တက်အိပ်ပြီး သခင်ကို အမြတ်တနိုးနဲ့ ကိုယ်လုံးလေးအပ်ထားတာကို မြင်တွေ့ရတာ ချစ်ဖို့ အရမ်းကောင်းလွန်းပါတယ်။

ကြောင်တွေဟာ အာဖရိကန်တောကြောင်ရိုင်းတွေက ဆင်းသက်လာတာ ဖြစ်ပြီး များသောအားဖြင့် ညမှ ကျက်စားတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ကြောင်တွေကတော့ လူတွေလိုပဲ နေ့လည်ခင်းပိုင်းမှာ နိုးပြီး ညဘက်တွေမှာ အိပ်ကြပါတယ်။ ဒါပေမယ့် ညဘက်အိပ်တဲ့ကြောင်တွေတောင်မှ ညမှာ အနည်းဆုံး(၂) ကြိမ်လောက်နိုးတတ်ပါသေးတယ်။

တစ်ခါတစ်လေ ကြောင်တွေဟာ ညဘက်မှာ သံရှည်ဆွဲပြီး အော်လိုက်တဲ့အသံတွေကို ကြားဖူးမှာပါ။ ဒီလိုမျိုးအော်တာဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာ၊ စိတ်ဖိစီးမှုများလာတာ၊ ဆေးဝါးကြောင့် ဒါမှမဟုတ် ပျင်းရိငြီးငွေ့တာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုသံရှည်ဆွဲအော်တာဟာ ကစားချိန်လုံလုံလောက်လောက်မရတဲ့ အိမ်မွေးကြောင်တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

တကယ်လို့ အိမ်မှာ မွေးထားတဲ့ ကြောင်ဟာ ကိုယ့်ရဲ့ အိပ်ချိန်တွေကို နှောင့်ယှက်နေပြီဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကြောင်ကို ညအိပ်ရာမ၀င်ခင်မှာ အစာကျွေးပါ။ ဘာကြောင့်လဲဆိုတော့ ညစာအများကြီးစားပြီးတဲ့အခါ ကြောင်တွေဟာ အိပ်ပျော်သွားတတ်ပါတယ်။ ကြောင်တွေကို အိပ်ရာထဲ ခေါ်သွင်းပြီး မအိပ်တာကတော့ အကောင်းဆုံးပါ။ ဘာကြောင့်လည်းဆိုတော့ ကြောင်ဟာ လူအိပ်ပျော်နေတာကိုမသိပဲ မျက်ခွံအောက်က လှုပ်နေတဲ့ မျက်လုံးကို သတိပြုမိပြီး သူ့ကို စနေတယ်လို့ ထင်ကာ ကုတ်ခြစ်မိနိုင်တာကြောင့် ဖြစ်ပါတယ်။