ညီလေးရဲ့ ဆေးဖိုးအဖြစ် ၂ နာရီအတွင်း ဒေါ်လာ ၆၀၀၀ ရှာပေးခဲ့တဲ့ အသက် ၉ နှစ်အရွယ် အစ်ကိုကြီး

အသက် ၉ နှစ်သာ ရှိသေးတဲ့ ကောင်လေး တယောက်ဟာ သူရဲ့ ညီအငယ်ဆုံး ကောင်လေး အတွက် ဆေးဖိုးစာရိတ် လိုတာကြောင့်၊ နှစ်နာရီအတွင်းမှာ ဒေါ်လာ ၆ ထောင် အထိ ရှာပေးခဲ့ ပါတယ်။ ကောင်လေးရဲ့ အမည်ကတော့ Andrew Emery ဖြစ်ပြီး၊ အမေရိကန် တောင်ကယ်ရိုလိုင်းနားမှာ နေထိုင်ပါတယ်။

Andrew ရဲ့ညီဖြစ်သူ Dylan ဟာ ရှားပါးတဲ့ အာရုံကြောရောဂါ တမျိုးကို ခံစားနေရ တာကြောင့်၊ ဈေးကြီးမြင့်တဲ့ ကုသမှုတွေ ခံယူရဖို့ လိုအပ်နေ ပါတယ် ။ ဒါကြောင့် မိဘတွေ ငွေရှာတဲ့ နေရာမှာ အထောက်အပံ့ တစ်ခုဖြစ်စေဖို့ Greenwood မှာ Lemonade stand တခု ပြုလုပ်ကာ ဖျော်ရည်နဲ့ သောက်စရာတွေ ရောင်းချခဲ့ ပါတယ်။

၂ နာရီ အတွင်းမှာပင် ဒေါ်လာ ၆ ထောင် ရရှိခဲ့ပါတယ်။ Lemonade Stand မှာ ရေးထားတဲ့ စာကတော့ Support Dylan By Buying ဖြစ်ပြီး၊ Andrew ဟာ အဲဒီ တနေ့ တည်းမှာပင် ဒေါ်လာ ၅၈၆၀ အထိ ရှာဖွေနိုင်ခဲ့ကြောင်း သိရပါတယ်။ မိသားစုဝင်တွေဟာ GoFundMe မှာလည်း ရံပုံငွေ ရှာနိုင်ခဲ့တာကြောင့်၊ အဲဒီက ဒေါ်လာ ၅၆၀၀ နဲ့ပေါင်းရင် အတော်လေး အဆင်ပြေတဲ့ ပမာဏ ဖြစ်နေပါပြီ။

Andrew က ” ကျွန်တော်က ညီလေးကို ကူညီချင် တာပဲ ရှိပါတယ် ၊ သူက ကျွန်တော့်ညီ အငယ်ဆုံးလေးပေါ့ “လို့ ပြောပါတယ်။ Andrew မှာ ညီမလေး နှစ်ယောက် ရှိပြီး၊ ညီလေး လိုချင်ခဲ့တဲ့ စိတ်ဟာ သူ့မှာ ဖြစ်ပေါ်လာခဲ့ ပါတယ်။ သူရဲ့ဆန္ဒကတော့ Dylan တစ်ယောက် ကမ္ဘာမြေကို ရောက်လာချိန်မှာ ပြည့်ဝခဲ့ ပေမယ့်၊ စောစောစီးစီး ထွက်သွားမှာကို Andrew က စိုးရိမ်နေ ပါတယ်။