စက်ရုပ်နည်းပညာနဲ့ အဝေးထိန်းတင့်ကားတွေကို ဖန်တီးစမ်းသပ်နေပြီဖြစ်တဲ့ ယူအက်စ်စစ်တပ်

ယူအက်စ်စစ်တပ်ကနေ နိုင်ငံ့ကာကွယ်ရေးအတွက် နောက်ဆုံးပေါ် နည်းပညာတွေ ဖန်တီးစမ်းသပ်လျက်ရှိရာ ယခုအခါမှာတော့ အဝေးထိန်းစနစ်နဲ့ အသုံးပြုတိုက်ခိုက်နိုင်တဲ့ စက်ရုပ်တင့်ကားတွေပါ ပေါ်ထွက်လာတော့မှာ ဖြစ်ကြောင်း U.S.Army ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ကြေညာထားချက်အရ သိရပါတယ်။

Robotic Combat Vehicle (RCV) တွေလို့ ခေါ်ရတဲ့ ထိုစက်ရုပ်တင့်ကားတွေကိုတော့ လာမယ့် ၂၀၂၀ က စတင်ပြီး စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ ထိုစက်ရုပ်တင့်ကားတွေကို အခြေခံဖန်တီးထားတဲ့ တင့်ကားအမျိုးအစားကတော့ M113 armored personnel carrier တင့်ကားမော်ဒယ်တွေမှာ ဖြစ်ပါတယ်။ စက်ရုပ်တင့်ကားတွေကိုတော့ ကျွမ်းကျင်အမှုထမ်းတွေက Mission Enabler Technologies-Demonstrators (MET-Ds) လို့ နာမည်ပေးထားတဲ့ အခြားတင့်ကားတစ်စင်းပေါ်ကနေ ထိန်းချုပ်သွားမယ့် စနစ်ဖြစ်ပါတယ်။ MET-D ယာဉ်တွေကတော့ Bradley Fighting Vehicle ဆိုတဲ့ တင့်ကားမော်ဒယ်တွေကို အဆင့်မြှင့်တင်ထားတဲ့ ပုံစံဖြစ်ပါတယ်။

ထိုစနစ်ကို အသုံးပြုဖို့အတွက် စစ်အမှုထမ်းတွေကို အထူးလေ့ကျင့်ပေးထားရမှာဖြစ်ပြီး ကျွမ်းကျင်သွားတဲ့ အမှုထမ်းတွေက စက်ရုပ်စနစ်နဲ့ တင့်ကားတွေကို touchscreen ထိန်းချုပ်မှု panel ကို အသုံးပြုပြီး ထိန်းချုပ်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ယာဉ်စမ်းသပ်မှုကို အဆင့်ဆင့် ပြုလုပ်သွားမှာ ဖြစ်ပြီး ပထမတစ်ဆင့်ကို ၂၀၂၀ မတ်လမှာ စတင်မှာ ဖြစ်ပါတယ်။ ကောလိုရာဒိုပြည်နယ်မှာ ပြုလုပ်သွားမယ့် ထိုစမ်းသပ်မှုမှာတော့ RCV ယာဉ်လေးစီးနဲ့ MET-D နှစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။

RCV စက်ရုပ်တင့်ကားတွေကို အဝေးထိန်းနဲ့ လှမ်းထိန်းချုပ်မယ့် MET-D တစ်စီးမှာဆိုရင် ဒရိုင်ဘာတစ်ဦး၊ အမြှောက်သမားတစ်ဦးနဲ့ စစ်သား ၄ ယောက်စီ ပါဝင်မှာလည်း ဖြစ်ပါတယ်။ ဒုတိယစမ်းသပ်မှုက ပိုကြီးမားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ မေလမှာ ဥရောပအတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

စမ်းသပ်မှုတွေမှာ အသုံးပြုမယ့် RCV စက်ရုပ်တင့်ကားတွေဟာဆိုရင်တော့ အနာဂတ်ရဲ့ တကယ့်စစ်ပွဲတွေမှာ ထုတ်သုံးမယ့် တကယ့် RCV ယာဉ်တွေ မဟုတ်သေးဘူးလို့ US Army က ဖော်ပြထားပါတယ်။ လက်ရှိယာဉ်တွေ စမ်းသပ်ခြင်းက ယာဉ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းအတွက် ရည်ရွယ်နေတာမဟုတ်ဘဲ ကိုယ်တိုင်အသုံးပြုမယ့် စစ်သားတွေကို လေ့ကျင့်ပေးခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ့် RCV တွေကတော့ အရွယ်အစားပိုမို သေးငယ်မှာလည်း ဖြစ်ပြီး ပိုမိုလည်း မြန်ဆန်မယ့် ယာဉ်တွေ ဖြစ်တယ်လို့ The Verge နည်းပညာမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

source : shwemom