တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် (၅)ချက်

တစ်ချို့မိန်းကလေးတွေဟာ ချောတယ်၊ လှတယ်၊ ချမ်းသာတယ်၊ ပညာတတ်တယ် ဒါပေမယ့် ဘယ်သူကမှ သူတို့ကို မလေးစားသလို၊ တန်ဖိုးလည်း မထားကြပါဘူး။ အကြောင်းကတော့ တန်ဖိုးထားစရာကောင်းအောင် မနေတတ်လို့ပါပဲ။

ဒီတော့ ပျိုမေတို့အနေနဲ့ တန်ဖိုးထားခံရတဲ့ တန်ဖိုးရှိတဲ့မိန်းကလေးဖြစ်အောင် နေထိုင်တတ်ဖို့ အရမ်းကို အရေးကြီးတာကြောင့် ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။ ပျိုမေတို့အားလုံး တန်ဖိုးရှိတဲ့မိန်းကလေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။

(၁) စောင့်ထိန်းသင့်တာကို စောင့်ထိန်းပါ

မိန်းကလေးတစ်ယောက်ဟာ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံမှ တန်ဖိုးရှိတာပါ။ ဒါကြောင့် လူမြင်တဲ့နေရာဖြစ်ပါစေ၊ မမြင်ရတဲ့နေရာဖြစ်ပါစေ စောင့်ထိန်းသင့်တဲ့ သိက္ခာကို စောင့်ထိန်းဖို့ အရမ်းအရေးကြီးပါတယ်။

သူများတွေမမြင်ပါဘူး၊ မသိပါဘူးဆိုပြီး ကွယ်ရာမှာ ကိုယ်ကျင့်တရားဖောက်ဖျက်တာဟာ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့မိန်းကလေးဖြစ်ချင်ရင် လူရှေ့မှာရော၊ ကွယ်ရာမှာပါ စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာတွေကို စောင့်ထိန်းပါ။

(၂) ယဉ်ယဉ်ကျေးကျေး ပြောဆိုပါ

ယဉ်ကျေးစွာပြောဆိုခြင်းဟာ ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်နေတာ ဖြစ်ပါတယ်။ မိန်းကလေးတန်မဲ့ စကားပြောတဲ့အခါ ဆဲဆိုတာ၊ ရိုင်းစိုင်းကြမ်းတမ်းတာတွေ ပြောခဲ့ရင် လူတွေရဲ့အမြင်မှာ အော့ကြောလန်တစ်ယောက် ဖြစ်သွားတော့မှာပါ။

အဲဒီ့အခါကျရင် သင့်ကို လူတွေက ရိုင်းစိုင်းတဲ့သူတစ်ယောက်အဖြစ် မြင်ကြရုံသာမက တန်ဖိုးမရှိတဲ့သူတစ်ယောက်အဖြစ်ပါ မြင်သွားကြတော့မှာပါ။ ဒါကြောင့် တတ်နိုင်သမျှ ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ဖို့ လေ့ကျင့်ပါ။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါပဲ။ သင့်ရဲ့အရည်အချင်း၊ သင့်ရဲ့ အားသာချက်တွေနဲ့ သင့်ရဲ့ကိုယ်ပိုင် အစွမ်းအစတွေကို ယုံကြည်ပါ။ သင့်ကိုယ်သင်မှ မယုံကြည်ရင် ဘယ်သူကမှ သင့်ကို ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပန်းတိုင်ကို တည်တံ့ခိုင်မာစွာ လျှောက်လှမ်းလိုက်ပါ။ ဒါဆိုရင်တော့ အပြောထက်အလုပ်ကို ဦးစားပေးတဲ့သင်ဟာ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။

(၄) ကိုယ့်ကိုယ်ကို လေးစားပါ

ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဟာ သူတစ်ပါးရဲ့လေးစားခြင်း၊ တန်ဖိုးထားခြင်းကို ခံရပါတယ်။ သင်လက်မခံနိုင်တဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်ပါ၊ သင်လုပ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ပါ၊ ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊

ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။ သင့်ကို ပျော်ရွှင်စေမယ့်အရာကို လုပ်ဆောင်ပါ၊ သင့်ကို ငြိမ်းချမ်းစေမယ့်အရာတွေကို လုပ်ဆောင်ပါ။ ဒါဆိုရင်တော့သင်ဟာ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။

(၅) ထိန်းချုပ်ပါ

တစ်ခါတလေ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ရမယ့် အချိန်တွေရှိပါတယ်။ လူဆိုတာ အမြဲတမ်းပွင့်လင်းနေလို့မရပါဘူး။ တစ်ခါတလေ ကိုယ်ပိုင်အကြောင်းအရာ၊ ဝှက်ထားသင့်တဲ့ အကြောင်းအရာတွေဆိုတာ ရှိရပါတယ်။

ဝှက်ထားသင့်တဲ့အရာတွေကို ပြမိရင်၊ ကိုယ်ပိုင်အကြောင်းအရာတွေကို ဖွင့်ပြမိရင် သင်ဟာ အားလုံးမြင်နေရတဲ့ မှန်တစ်ချပ်လို စိတ်ဝင်စားစရာကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ချို့ခံစားချက်တွေကို ထိန်းချုပ်ပါ၊ ဝှက်ထားပါ။ ဒါဆိုရင်တော့သင်ဟာ တန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။