ကမ္ဘာမှာ လူကြိုက်များနေတဲ့ တရုတ်ရိုးရာ အသက်ရှည်နည်း လျှို့ဝှက်ချက်(၅)ချက်

ကျန်းမာရေးမကောင်းမှ၊ ရောဂါဖြစ်တော့မှ ဆေးကုမယ်ဆိုရင် ငွေကြေးအကုန်အကျလည်းများပြီး စိတ်လည်းပင်ပန်းရပါတယ်။ နေ့စဉ်အမူအကျင့်တွေကို ကျန်းမာရေးအတွက်အထောက်အကူဖြစ်အောင်ပြုမူနေထိုင်သွားမယ်ဆိုရင် အသက်ကြီးလာချိန်မှာ ရောဂါကင်းကင်းနဲ့အသက်ရှည်ရှည်နေသွားနိုင်မှာပါ။

 ရောဂါကင်းအသက်ရှည်စေမယ့်နည်းလမ်းတွေက လူမျိုးတစ်မျိုးနဲ့တစ်မျိုးမတူကွဲပြားကြပါတယ်။ အဲ့ဒီအထဲကမှ တရုတ်လူမျိုးတွေရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လည်ပင်းကို နွေးထွေးအောင်ထားပါ

တရုတ်လူမျိုးတွေရဲ့ရိုးရာဓလေ့တစ်ခုက အေးတဲ့ရာသီတွေမှာ လည်ပင်းကိုနွေးနွေးထွေးထွေးထားတာပါ။ ရာသီဥတုအေးနေချိန်မှာ လည်ပင်းအနောက်ကိုလေအေးတိုက်ရိုက်ထိတွေ့ခြင်းက လူကိုအားနည်းစေပြီး အလွယ်တကူဖျားနာတာ

၊ရောဂါဝင်ရောက်တာတွေဖြစ်စေနိုင်တာကြောင့် လည်ပင်းနေရာကိုမာဖလာပတ်ထားတာမျိုး၊ ကော်လာထူထူပါတဲ့အင်္ကျီဝတ်တာမျိုးတွေလုပ်ပေးကြပါတယ်။

(၂) အအေးစာတွေရှောင်ပါ

အအေးစာတွေက အစာမကြေ၊လေပွတာတွေကိုဖြစ်စေပြီး ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်တာကြောင့် အအေးစာတွေကိုရှောင်ကြပါတယ်။

ဝမ်းထဲမှာ နွေးသွားစေတဲ့အစားအစာတွေက အစာကြေလွယ်ပြီး သွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် ဝမ်းဗိုက်ကိုနွေးထွေးစေတဲ့ စွပ်ပြုတ်၊ ငရုတ်ကောင်းထည့်ထားတဲ့အစားအစာ စတာတွေကို စားပေးကြပါတယ်။

(၃) လက်ဖက်ရည်ကြမ်း သောက်ပါ

တစ်နေ့ကိုလက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ပေးခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကိုယ်တွင်းကလီစာတွေမှာဖြစ်နေတဲ့ အနာအဆာတွေကို ပြန်လည်ကောင်းမွန်အောင်ကုသပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ လက်ဖက်ခြောက်၊ ပန်းခြောက်လေးတွေထည့်ထားတဲ့ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်ပေးပါ။

(၄) အသက်ပြင်းပြင်း ရှူပါ

အသက်ပြင်းပြင်း ရှူလိုက်တဲ့အခါ အဆုတ်ထဲ အောက်စီဂျင်ရောက်ရှိမှု ပိုကောင်းသွားပြီး အဆုတ်ကနေ ဦးနှောက်နဲ့အာရုံကြောစနစ်အတွက်  အောက်စီဂျင်ကောင်းကောင်း ထောက်ပံ့နိုင်ပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရတဲ့နေရာလေးမှာ အသက်ကို ပြင်းပြင်းရှူပါ။

(၅) သစ်တော်သီးစားပါ

သစ်တော်သီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ body fluid ထုတ်လုပ်မှုကိုအားပေးတာကြောင့် လည်ချောင်းရှင်းစေတယ်၊ ချောင်းမဆိုးအောင်ကာကွယ်ပေးနိုင်တယ်၊ အသံဝင်တာ၊အသံနာတာကိုပြန်ကောင်းစေနိုင်တဲ့အစွမ်းရှိတယ်။ အစာချေစနစ်နဲ့အဆုတ်အတွက်လည်း ကောင်းမွန်တဲ့အထောက်အပံ့မျိုးပေးနိုင်ပါတယ်။ ဒါကြောင့် သစ်တော်သီးကို အမြဲစားပေးတယ်။