မွန်မြတ်တဲ့စေတနာရဲ့ တန်ပြန်အကျိုးပေးကို ချက်ခြင်းလက်ငင်း ရရှိခဲ့တဲ့ ကောင်လေး

အမေရိကန်နိုင်ငံက ဂျာမိုင်းဘဲလ်အမည်ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဖလော်ရီဒါပြည်နယ်က ဒစ်စနီဥယျာဉ်တွေထဲ သွားလည်ဖို့ဆိုပြီး သူစုထားတဲ့ ငွေတွေအကုန်လုံးကို ဟာရီကိန်းဒိုရီယန်ဒုက္ခသည်တွေအတွက် အစားအသောက်တွေဝယ်ကာ လှူဒါန်းခဲ့ပါတယ်။

ဂျာမိုင်းရဲ့စေတနာသဒ္ဓါအားထက်သန်ပုံကို ဒစ်စနီက ပြန်လည်ကြားသိခဲ့တဲ့အတွက် ကောင်လေးကို ဒစ်စနီကမ္ဘာဆီ အခမဲ့လည်ပတ်ခွင့် ပေးခဲ့တယ်လို့ CNN သတင်းအရ သိရပါတယ်။

ပထမတော့ ဂျာမိုင်းက သူ့ရဲ့ (၇) နှစ်မြောက် မွေးနေ့မှာ ဒစ်စနီကို သွားလည်ဖို့ ဆိုပြီး ပိုက်ဆံတွေတောင် စုထားပြီးပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ဟာရီကိန်းဒိုရီယန်တိုက်ခတ်အပြီးမှာတော့ ဂျာမိုင်းဟာ စိတ်ပြောင်းသွားခဲ့ပါတယ်။

ဒစ်စနီကစားကွင်းတွေထဲ သွားလည်မယ်ဆိုပြီး သူစုထားတဲ့ ငွေအားလုံးကို Hot dogs၊ အာလူးကြော်နဲ့ ရေတွေ ၀ယ်ပြီး မုန်တိုင်းဒဏ်ခံဒုက္ခသည်တွေ အခမဲ့စားသောက်နိုင်အောင် အိမ်ရှေ့မှာ စားပွဲတွေနဲ့ချပြီး လှူဒါန်းခဲ့တာပါ။

ဒီအကြောင်းကိုတော့ ဒစ်စနီက မစ်ကီဟာ ကြားသွားခဲ့ပုံပါပဲ။ ကိုယ်ကျိုးမကြည့်ပဲ စေတနာအားကောင်းလွန်းတဲ့ ကလေးကို ချီးမြှောက်တဲ့အနေနဲ့  ဂျာမိုင်းကို လက်ဆောင်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒစ်စနီက တာဝန်ရှိသူတွေဟာ ဂျာမိုင်းရဲ့ဟာရီကိန်းအတွက် အလှူပြုလုပ်ပြီးတဲ့အထိ စောင့်ဆိုင်းနေခဲ့ပါတယ်။ 

မုန့်တွေအခမဲ့ဝေငှပြီးချိန် တစ်ပတ်လောက်မှာတော့ ဒစ်စနီအဖွဲ့သားတွေဟာ ကလေးအိမ်ထိအောင် သွားရောက်တွေ့ဆုံပြီး ဂျာမိုင်းကို ဒစ်စနီဝေါဆီ အလည်လာဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမိုင်းလေးကတော့ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားလေးနဲ့ပါ။ သူအရမ်းတွေ့ချင်နေခဲ့တဲ့ မစ်ကီနဲ့ ဒစ်စနီအဖွဲ့သားတွေဟာ သူ့ကို အိမ်တိုင်ရာရောက် လာဖိတ်ခေါ်တော့ အရမ်းကို ၀မ်းသာကျေနပ်နေပုံရပါတယ်။

ဂျာမိုင်းဟာ မစ်ကီရဲ့ပွေ့ဖက်တာကိုတောင် ခံလိုက်ရပါသေးတယ်။ ဒစ်စနီဆီက အခမဲ့လည်ပတ်ခွင့်ရရှိခဲ့ပြီဖြစ်လို့ ယခုလနှောင်းပိုင်း ဂျာမိုင်းကျောင်းပိတ်တဲ့အချိန်မှာ ဂျာမိုင်းနဲ့ သူ့မိသားစုဟာ အော်လန်ဒို ဒစ်စနီဝေါဆီ သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ ၀မ်းမြောက်ဖွယ် သိရပါတယ်။