သင့်ချစ်သူကသင့်ကို အကြီးအကျယ်လိမ်နေပြီဆိုတာ သိနိုင်တဲ့အချက်(၇)ချက်

ချစ်သူတွေကြားမှာယုံကြည်မှုရှိဖို့ အရမ်းအရေးကြီးတယ်လို့ ဘယ်လိုပဲပြောနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် လုံးဝမလိမ်ဘဲလည်း မနေနိုင်ကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လိမ်ဖြစ်နေကြသလို၊ ကြိုတင်ကြံစည်ပြီး အကွက်ကျကျလိမ်ကြတာမျိုးလည်းရှိပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သင့်ချစ်သူကသင့်ကိုလိမ်နေလားဆိုတာ ဒီအချက်တွေကတဆင့် ဖော်ထုတ်နိုင်ပါတယ်။

(၁) အာမေဋိတ်အသုံးအနှုန်းတွေသုံးမယ်

နှစ်ယောက်စကားပြောတဲ့အချိန်မှာ တစ်ခုခုကိုစဉ်းစားသလိုမျိုး၊ အင်း…အဲ…နဲ့ဖြစ်နေမယ်၊ ပြောနေတဲ့အထဲမှာ ဘာမှအံ့သြစရာမပါဘဲ၊ အံ့သြစရာကောင်းသလိုပုံစံမျိုးဖြစ်ပြမယ်၊ မလိုအပ်တဲ့ အာမေဋိတ်စကားလုံးတွေကို သုံးနှုန်းမယ်၊ ဒီအပြုအမူမျိုးလုပ်နေရင် သူသင့်ကိုလိမ်တော့မှာမို့၊ အဲ့ဒီနောက်ဆက်တွဲပြောလာမယ့်စကားတွေကို သတိထားကြည့်ပါ။

(၂) ရယ်စရာကောင်းအောင်ဖန်တီးမယ်

အတည်ပြောနေတဲ့အခြေအနေတစ်ခုကို အကြောင်းမဲ့ရယ်စရာကောင်းသွားအောင်ဖန်တီးပစ်မယ်၊ ရုတ်တရက်ကြီး ဟာသတွေလုပ်နေတယ်ဆိုရင် သတိထားပါ။

(၃) အကြောင်းအရာပြောင်းပစ်မယ်

သူနဲ့ပတ်သက်လို့ မသင်္ကာတာတစ်ခုခုရှိနေတဲ့အကြောင်းအရာကိုပြောနေချိန်မှာ တခြားအကြောင်းအရာဘက် စကားလမ်းကြောင်းလွဲလိုက်တာမျိုး၊ အာရုံပြောင်းဖို့ကြိုးစားနေတာမျိုးတွေလုပ်လာရင် သူသင့်ကိုလိမ်ထားတာသေချာနေပါပြီ။

(၄) မျက်နှာလွဲနေမယ်

စကားပြောချိန်မှာမျက်လုံးချင်းမဆုံဘူး၊ မျက်နှာလွဲနေမယ်ဆိုရင် အဲ့ဒီအချိန်မှာပြောနေတဲ့အကြောင်းအရာက အလိမ်အညာတွေဖြစ်ဖို့များပါတယ်။

(၅) ပုံမှန်မဟုတ်တဲ့လက်ဆောင်

သူက ချစ်သူတွေလက်ဆောင်ပေးကြတာမျိုးကို အပိုတွေလုပ်တယ်လို့ထင်တဲ့သူ၊ သင့်ကိုလည်း လက်ဆောင်ဘာညာထွေထွေထူးထူးမပေးဖူးတဲ့သူမျိုးဖြစ်ပေမယ့် ရုတ်တရက် လက်ဆောင်ကြီးကြီးမားမားဝယ်ပေးတာမျိုးတွေလုပ်လာရင်လည်း ဒါက သူ့မှာလိမ်ညာထားတဲ့အရာတစ်ခုခုရှိနေလို့ဖြစ်နိုင်ပါတယ်။

(၆) ရှောင်နေမယ်

သူ့မှာလိမ်ထားတာတစ်ခုခုရှိနေပြီဆိုရင် သင့်ကို မသိမသာရှောင်နေပါလိမ့်မယ်။ အမြဲလိုလိုအလုပ်ရှုပ်ပြနေတာမျိုး၊ ချိန်းထားတဲ့အချိန်ရောက်ခါနီးမှအရေးပေါ်ကိစ္စတွေပေါ်လာတာမျိုး စတဲ့အခြေအနေတွေဆက်တိုက်ဖြစ်နေပြီး တွေ့တဲ့အချိန်မှာလည်း တစ်ခုခုကြောင့် စိတ်မဖြောင့်သလိုပုံစံမျိုးဖြစ်နေပါလိမ့်မယ်။

(၇) ပင်ပန်းနေပြီလို့ပြောတယ်

ကိုယ့်ဘက်ကတစ်ခုခုပြောလိုက်တဲ့အခါ၊ အကြောင်းအရာတစ်ခုကိုတိုင်ပင်လိုက်တဲ့အခါ၊ ကိုယ့်ဘက်ကတစ်ခုခုကိုသံသယဝင်လို့ဖြေရှင်းချက်တောင်းတဲ့အခါမျိုးမှာ ငါပင်ပန်းနေပြီလို့ပြောပြီး ရှောင်ထွက်တတ်တယ်။